အထက်ကပုံမှာ တွေ့ရတာကတော့ ဧရာဝတီတိုင်းဒေသကြီးက သစ်မောင်းပင်တွေပဲဖြစ်ပါတယ်။ ဒီဘက်ဒေသ(ဖျာပုံအောက်ပိုင်း)မှာတော့ ဒီအပင်တွေကိုပဲ သစ်မာသားအဖြစ်အသုံးပြုကြတာပါ။ တံတားဆောက်တဲ့နေရာတွေ၊ အိမ်ဆောက်တဲ့နေရာတွေမှာ တိုင်အဖြစ်သုံးကြပါတယ်။
သစ်မောင်းပင်တွေဟာ ဆောက်လုပ်ရေးဘက်မှာတင်အသုံးဝင်တာ မဟုတ်ပါဘူး။ သစ်မောင်းပင်တွေမှာထိုးတဲ့ သစ်မောင်းပိုးဆိုတာကလည်း စားလို့ ရပါသေးတယ်တဲ့။ သစ်မောင်းပိုးဟာ ပိုတုံးလုံးနဲ့ တူတယ်လို့သိရပါတယ်။
" သစ်မောင်းပိုးတွေက အရမ်းစိမ့်ပြီး စားလို့ ကောင်းတယ် "
လို့ နယ်ခံတစ်ယာက်က ပြောပါတယ်။ ဒါပေမယ့် သစ်မောင်းပိုးတွေက အပေါများပါဘူး။ သစ်မောင်းပင်တစ်ပင်မှာမှ သစ်မောင်းပိုးက တစ်ကောင်ပဲရှိလို့ပါ။ သစ်မောင်းပိုးရှိတဲ့အပင်ကိုခွဲခြားနည်းကိုလည်း ပြောပြပါသေးတယ်။
" ပိုးဝင်နေတဲ့ အပင်က အရွက်နုလေးတွေက ခြောက်သွေ့နေတယ်။ မထွက်နိုင်တော့ဘူး။ လုံးလုံးသေနေတာတော့မဟုတ်ဘူး။ သေနေတဲ့ အပင်တွေမှာလည်း ပိုးကမနေဘူး။ အရွက်နုတွေ ခြောက်နေပုံကို ကြည့်ပြီးတော့ အထဲကကောင်က ဘယ်လောက် ကြီးလည်းဆိုတာခန့်မှန်းနိုင်တယ်။ ပိုးကြီးမကြီးက အပင်ကြီးမကြီးနဲ့ မဆိုင်ပါဘူး၊ သူဝင်နေတာဘယ်လောက်ကြာပြီလဲဆိုတာနဲ့ပဲ ဆိုင်တယ်" လို့ ပြောပါတယ်။
သစ်မောင်းပိုးရှိတဲ့ သစ်မောင်းပင်ကိုခုတ်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သစ်မောင်းပင်တွေဟာ အပေါ်ပုံမှာ တွေ့တဲ့အတိုင်း ခြုံသဏ္ဍန်ဖြစ်နေလို့ပါ။ ဒါအပြင် သစ်မောင်းပင်ရဲ့ ကိုယ်ထည်မှာဆူးတွေကလည်း ရှိပါသေးတယ်။ ဆူးတွေက အရှည်ကြီးတွေပါ။ ဆူးအစူးခံလိုက်ရရင် အတော်ခံရတယ်လို့လည်း ပြောပါသေးတယ်။ သစ်မောင်းပင်ကိုခုတ်ချင်ရင် အရင်ဆုံးမီးရှို့ပြီးမှ ခုတ်တယ်လို့ ပြောပါတယ်။ ဒါမှ ဆူးတွေက မီးကျွမ်းသွားပြီး မစူးတော့မှာပါ။
သစ်မောင်းပိုးကို စားဖူးတယ်ရှိအောင်လို့ နယ်ခံဆီက ၀ယ်ပေမယ့် ရှားရှားပါးပါးရထားတဲ့ တစ်ခုတည်းသော တစ်ကောင်တည်းသော သစ်မောင်းပိုးကိုမရောင်းနိုင်ပါဆိုသဖြင့် မစားဖူးခဲ့ပါ။ သို့သော် မေးမြန်းဖြစ်ခြ့တာလေးတွေကို ဗဟုသုအဖြစ်ပြန်ပြောပြလိုက်ပါတယ်။ ကြုံရင် စားဖူးအောင်စားခဲ့ကြပေါ့ဗျာ။
0 comments:
Post a Comment