Pages

Sunday, February 23, 2014

သူမသည် ကျွန်တော်ချစ်သောသူဖြစ်သည်။

သူမဟာ ကဗျာမဖတ်ဘူး
သူမကိုယ်တိုင်က ကဗျာ တစ်ပုဒ်ဖြစ်တယ်။

သူမဟာ ကြီးပွားရေးစာအုပ်ဆိုတဲ့ဟာတွေဖတ်တယ်။
ကဗျာဟာ နှလုံးသား ကြီးမားတဲ့သူတွေသာ ခံစားတတ်ကြောင်း
တစ်ယောက်ယောက် သူမကို ပြောပေးပါ။

သူမဟာ ဘင်္ဂလားပင်လယ်အော်လေးဖြစ်တယ်
လှပတယ်
သာယာတယ်
ကြည်လင်တယ်
နေပူတယ်
တိမ်ထူတယ်
ရေကြီးတယ်
မုန်တိုင်းထန်တယ်
အပြောင်းအလဲမြန်တယ်။

သူမဟာ အမေးအမြန်းထူတယ်
ဒါဆိုရင် နင်ကရောတဲ့
ကျွန်တော်လား
ကျွန်တော်ဟာ ဘင်္ဂလားဒုက္ခသည်လေးပါ
မုန်တိုင်းဘယ်လောက်ထန်ထန်
ရေဘယ်လောက်ကြီးကြီး
အသက်နဲ့ ခန္ဓာ မပျက်စီးသရွေ့ပေါ့။

သူမဟာ ရှောင်လင်မလေးဖြစ်တယ်
သူ့ဖဲ သူချိုး
သူချိုး သူဝေ
ဒီလူဆိုးမှာတော့ ဘူပိတ်ကရော။

သူမဟာ ပန်းချီကားတစ်ချပ်ဖြစ်တယ်
မျဉ်းကွေး မျဉ်းဖြောင့်အစုံအလင်နဲ့
သူ့ကိုယ်သူ တည်ဆောက်ထားတယ်။
အရောင်အသွေးမပါတာက လွဲလို့။

ကဗျာတစ်ပုဒ်ရဲ့ ပန်းချီကား
ပန်းချီကားတစ်ချပ်ပေါ်က ကဗျာတစ်ပုဒ်
ပါဝင်ပတ်သက်ဖို့အတွက် ကျွန်တော်ဟာ မင်ရည်ကျဲလွန်းခဲ့တယ်။

0 comments:

Post a Comment