တောစိမ့်ဆိုတာ စလင်းမြို့နယ် ရွာကလေး တစ်ရွာပါ။ အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ အခြေခံကျန်းမာရေးတက္ကသိုလ်က အဝေးရောက် ဌာနတစ်ခုဖြစ်တဲ့ ကွင်းဆင်းလေ့ကျင့်ရေးဌာနကိုလည်း ဖွင့်ထားပါသေးတယ်။ ဒါပေမယ့် ကျောင်းသားတွေမရောက်ဖြစ်တာတော့ အတော်ကြာလှပြီပေါ့။ ဒီနှစ်မှတော့ ကျွန်တော်တို့ နောက်ဆက်တွဲဖြေရတဲ့ကျောင်းသားတွေကို ပို့လိုက်ပါတယ်။ ကျွန်တော်ကတော့ သွားချင်နေတဲ့သူဆိုတော့ ပျော်တာပေါ့။ အခြားသူတွေကတော့ မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကသင်္ကြန်မတိုင်ခင်ပြီးချင်တယ်။ တာဝန်ရှိတဲ့ ဆရာမတစ်ယောက်ကလည်း ပြီးမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ကျွဲဘယ်နှကောင်ခတ်ခဲ့ကြသလဲ မသိပါဘူး။ ကျွန်တော်တို့ မြေဇာပင်ဖြစ်ခဲ့ကြတယ်။ အချို့က တောစိမ့်ကို ဆေးကျောင်းကပဲ ပို့နေတာကို မကြိုက်ဘူး။ ကျန်းမာရေးက ဌာနကို ကျန်းမာရေးက ကျောင်းသားတွေ မသွားရရင် ပိတ်လိုက်တော့ လို့ ပြောနေကြတယ်။ ဘာလို့ ပိတ်ရမှာလဲ။ ဆေးကျောင်းက ကွင်းဆင်းရင် ဆရာကန်တော့ပွဲလုပ်တယ်လေ။ ဆေးကျောင်းသားလေးတွေ ကုသိုလ်နည်းပါးသွားမှာ စိုးလို့ မပိတ်ချင်ပါဘူး။ ဒါကြောင့် အပြောလည်း လွတ်အောင် ကျွန်တော်တို့ကို ပို့လိုက်ပါတယ်။ အကြောင်းပြချက်က ကောက်ယူလာတဲ့ Data တွေကို သွင်းဖို့ပါတဲ့။ တောစိမ့်ဟာ Data သွင်းရမယ့် ဌာနမဟုတ်ပါဘူး။ ကွင်းဆင်းလေ့ကျင့်ရေးဌာနဖြစ်ပါတယ်။ ထပ်ပြောပါမယ်။ တောစိမ့်ဟာ Data သွင်းရမယ့် ဌာနမဟုတ်ပါဘူး။ ကွင်းဆင်းလေ့ကျင့်ရေးဌာနဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ Data သွင်းဖို့သွားခဲ့ရပါတယ်။ ကွန်ပြူတာလေး သုံးလုံးပဲ ရှိတာကို မီးက မလာပါဘူး။ မီးလာမယ့်အချိန်ကို ဖဲရိုက်ရင်း အရက်သောက်ရင်း စောင့်နေကြတယ်။